တပ်ကုန်း ဇန်နဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အနော်ရထာရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
“ကျွန်တော်တို့ မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်တဲ့ မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာ အသင့်ရှိရေးနဲ့အညီဆောင်ရွက်ပါတယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကို ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီး အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဇန်နဝါရီ ၂၂ ရက်နေ့က စတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးတွေ စစ်ဆေးမှုများ ဆောင်ရွက်ပါတယ်၊ စစ်ဆေးမှုတွေကတော့ တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်တဲ့ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများ ဆောင်ရွက်ထားရှိမှုတွေ ရှိ၊မရှိ လိုက်လံစစ်ဆေးပါတယ်၊ မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးဘေးခြုံရေးဆိုင်ရာ ဆွေးနွေးပေးမှုတွေကတော့ အိမ်ဝိုင်းအတွင်းမှာ ကောက်ရိုးနှင့် လောင်စာများ မသိုလှောင်ရေး၊ အိမ်ပေါ်မချက်ပြုတ်ရေး၊ မီးဖိုကျင်းနှင့်ချက်ပြုတ်ရေး၊ အသက်ကြီးရွယ်၊ ကလေးသူငယ်များ ချက်ပြုတ်မခိုင်းရေး၊ မီးကြွင်းမီးကျန် စနစ်တကျငြှိမ်းသတ်ရေး၊ အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေများမထွန်းညှိရေး၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုး၊ မီးခုံ၊ မီးခလုတ်များ အသုံးမပြုရေး၊ လေပြင်းတိုက်လျှင် သုံးစွဲသော မီးဖိုမီး၊ လျှပ်စစ်မီးများပိတ်ထားရေး၊ ဆီဖြည့်နေချိန် ဆေးလိပ်သောက်ခြင်းမပြုရေး၊ မီးလောင်လွယ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီများ သိုလှောင်ခြင်းမပြုရေး၊ အိမ်မှအပြင်ထွက်လျှင် လျှပ်စစ်မီးခလုတ်၊ မိန်းခလုတ်ပိတ်ထားရေး၊ မီးလောင်မှု၊ မီးလန့်မှုဖြစ်လျှင်ပတ်ဝန်းကျင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ၀၆၇-၈၀၇၀၂၈၉နှင့် ၁၉၁ကို ဆက်သွယ်အကူအညီတောင်းရေး၊ မီးသတ်ကားများ အရေးပေါ်ထွက်လာလျှင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်အနှေးယာဉ်များ လမ်းဘေးရှောင်တိမ်းပေးရေးတွေ ရှင်းလင်းဆွေးနွေးပါတယ်” ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်၏ ပြောပြချက်အရ သိရသည်။
တင်စိုးလွင်