အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်နှင့် ဈေးကုန်းအနောက် ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးကျော်ဇင် လတ်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်းသို့ အိမ်များတွင် မီးဘေးလုံခြုံရေးနှင့် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုများ သွယ်တန်းထားရှိမှုများ၊ ရေအိတ်၊ သဲအိတ်များထားရှိမှုများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့ပြီး အသိပညာ‌ပေးလုပ်ငန်းအဖြစ် မီးဘေးအန္တရာယ်အသိပညာပေးပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးအကြောင်းအရာများကို ပြောကြားခဲ့သည်။

အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များနှင့်ဈေးများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း၊ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)