မော်လမြိုင် ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် အင်တာနက်ပေါ်တွင် သတင်းတု/သတင်းမှားများနှင့် မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြိုင်သာယာရပ်ကွက် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြိုင်သာယာ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းထွန်းအေး၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့် ဒုမြို့နယ်ဥပဒေအရာရှိဦးကောင်းဆက်ဦးတို့က ရပ်ကွက်နေပြည်သူများအနေဖြင့် အွန်လိုင်းမီဒီယာများပေါ်၌ သတင်းတု/သတင်းမှားထုတ်ပြန်မှုများရှိသဖြင့် သေချာစိစစ်၍ အမှားအမှန်ခွဲခြား သုံးသပ်ကြရန်လိုအပ်ကြောင်း၊ သတင်းဟုဆိုပြီး မြင်သမျှ/ကြားသမျှသော သတင်းစာသား၊ ဓာတ်ပုံ၊ ရုပ်သံတို့ကို ဟုတ်/မဟုတ် မှန်/မမှန် ဆန်းစစ်ကြရန် လိုအပ်ကြောင်း၊ Like၊ Comment၊ Share များပြုလုပ်ရာတွင် သတိထား၍ဆောင်ရွက်ကြရန်၊ သတင်းအမှားများအား လိုက်လံဆောင်ရွက်ပါက တရားဥပဒေနှင့်အညီ အရေးယူခံရနိုင်ဖွယ်များရှိသည့်အတွက် ပြည်သူများအနေဖြင့် ဂရုပြု၍ လိုက်နာဆောင်ရွက်ရန်တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။
ထိုသို့ သတင်းတု/သတင်းမှားကင်းရှင်းရေး အသိပညာပေးဟောပြောပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)