နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဇန်နဝါရီ ၂၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဂုံမင်းအင်း ကျေးရွာအနီး၊ ငလိုက်လက်ယာမြောင်း ဆည်ရေသောက်စနစ် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေး မြောင်းအား RD- ၈၀၀ ပေမှ ၂၆၀၀ ပေအတွင်း အုတ်မြောင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့်  JICA အဆင့်မြင့်လယ်ယာပင်မရေပေးမြောင်းမှ နွေစပါးစိုက်ပျိုးနိုင်ရေး စီစဉ်ထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ငလိုက်လယ်ယာမြောင်းမကြီးဘေး ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးနိုင်းရေးအတွက် ရေပေးဝေမည့်အစီအစဉ်များ၊ JICA အဆင့်မြင့် လယ်ယာပင်မရေပေးမြောင်းဆောင်ရွက်နေမှု အခြေအနေများနှင့် စိုက်ပျိုးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်တွင် စိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ ရှိသဖြင့် စိုက်ပျိုးရေးကဏ္ဍကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် နည်းပညာများ၊ အသိပညာများနှင့် အတတ်ပညာများကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေပေးကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့ကျကျ ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို နည်းစနစ်တကျ စိုက်ပျိုးမွေးမြူပြီး ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းကောင်းအောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

အဆိုပါ ငလိုက်လက်ယာမြောင်း ဆည်ရေသောက်စနစ် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေး မြောင်းအား RD- ၈၀၀ ပေမှ ၂၆၀၀ ပေ အတွင်းအုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ရေပေးမြောင်း၏ မူလဒီဇိုင်းရေထုစီးနှုန်း ပြည့်မီစွာဖြင့် ဆည်ရေသောက် ဧရိယာ ၂၂၀ ဧကအား ရေလေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အဖျားပိုင်းရှိ လယ်မြေများအထိ စိုက်ပျိုးရေပေး ဝေနိုင်မှာဖြစ်ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဂုံမင်းအင်းကျေးရွာအနီးတွင် နေကြာစိုက်ခင်များ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအားမှာကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စုအနီး ကွင်းအမှတ် ၁၆၅၉၊ ဦးပိုင်အမှတ် ၄၀၊ တောင်သူ ဦးကျော်မြင့်ဦး၏ စိုက်ဧက ၁ ဒသမ ၃၀ ဧကတွင် နေကြာသီးနှံမျိုးများဖြစ်သည့် Russia Nozma ၊ Russia Bravo ၊ China S 606 နှင့် ရေဆင်းစပ်မျိုး(၁)နေကြာ စသည့် နေကြာသီးနှံ မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများ နေကြာသီးနှံမျိုး ယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးနေမှုအခြေအနေများနှင့် ဝတ်မှုန်ကူးယှက်မှုကောင်းအောင် ပျားအိမ်များချထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း ဆန်စပါးအပါအဝင် ဆီထွက်သီးနှံများ၊ အခြားသီးနှံများကို ပန်းတိုင်အထွက်နှုန်းထက် စံနှုန်းအထွက်နှုန်းများ ထွက်ရှိ အောင် ဆောင်ရွက်စေလိုကြောင်း၊ ခေတ်မီနည်းစနစ်များ၊ နည်းပညာများဖြန့်ဝေခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ရမှာဖြစ်ပြီး တောင်သူများအနေဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု ကွင်းအမှတ် ၁၆၇၂၊ နယူးဧရာကုမ္ပဏီပိုင် ၅၈ ဧကစိုက်ခင်းတွင် အင်ဂျင်သုံး လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးနေခြင်းသရုပ်ပြသမှုကို သွားရောက်ကြည့်ရှုအားပေးရာ  တာဝန်ရှိသူများက ဒက္ခိဏသီရိမြို့နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တောင်သူများက လိုအပ်ချက်များကို ရှင်းလင် တင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် ကံလှကျေးရွာအတွင်းရှိ ဦးဌေးထက်၏ မြရတနာဆန်စက်လည်ပတ်နေမှုနှင့် စပါးအခြောက်ခံလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးမြေ များကို မြေလွတ်မြေလပ်မထားရှိစေရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာ ဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်ဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို စံပြဖြစ်စေရေးနှင့် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ လယ်ယာကဏ္ဍနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများ ရရှိသည်အထိ ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်နည်းစနစ် မှန်ကန်ရန်လည်း လိုအပ်ပါကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးပါကြောင်း၊ ထို့အပြင် Export Quality အဆင့်မီသည့် ထုတ်ကုန်များ တိုးတက်ထွက်ရှိအောင် ကြိုးစားထုတ်လုပ်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝထား ဆောင်ရွက်ကြလျှင် အောင်မြင်နိုင်မည်ဖြစ်၍ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့မိ/မြို့ဖများက ဒေသဖွံဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)