သံတွဲ ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သံတွဲခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးနှင့် ငပလီဟိုတယ်ဇုန်မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သံတွဲခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ငပလီကမ်းခြေခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပတ်သက်၍ တက်ရောက်လာသူများ၏ သဘောထားအမြင်နှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြပေးကြရန် ပြောကြားခဲ့သည်။
၎င်းနောက် သံတွဲခရိုင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျက သံတွဲခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ၎င်းတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ခရိုင် (ပြန်/ဆက်)