တပ်ကုန်း ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၊ မြို့ဦးဘုရားတိုက်ကြီးတွင် ကျင်းပသည်။
ဦးစွာ မြို့ဦးဘုရားတိုက်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သာသနာရေးဦးစီးဌာနမှ တိုင်းသာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်(၂)ဒေါက်တာ ခင်မောင်ထွန်းတို့က ပန်း၊ ဆီမီးနှင့် ရေချမ်းဆက်ကပ်ပူဇော်ပြီးနောက် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်တော်မူပြီး၊ အခမ်းအနားမှူးက နတ်ဗြဟ္ဗာများအား ပင့်ဖိတ်ပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိသတ်များက မြို့ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တပဏ္ဍဝထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ တိုင်းသာသနာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်(၂)တို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အား ဘဒ္ဒန္တပဏ္ဍဝထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၇ ရက်မှ ၃၁ရက်နေ့ထိ ဆရာတော်၊ သံဃာတော် ၁၃ ပါးဖြင့် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်