မလှိုင်မြို့နယ်၌ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် အယ်လ်နီညိုရာသီဥတုကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေး တောင်သူအသိပညာပေးဆွေးနွေးပွဲကျင်းပ

မလှိုင် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရန်နှင့် အယ်လ်နီညိုရာသီဥတုကြောင့် သီးနှံများထိခိုက်ပျက်စီးမှုမရှိစေရေး တောင်သူ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁ဝ)နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုက တောင်သူအသိပညာပေး ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အဓိကသီးနှံ(၁ဝ)မျိုးဖြစ်သည့် စပါးတစ်ဧက တင်း (၁ဝဝ)၊ အစေ့ထုတ်ပြောင်း တစ်ဧက (၈၅)တင်း၊ မြေပဲတစ်ဧက တင်း (၇ဝ)၊ နှမ်းတစ်ဧကတင်း (၂ဝ)၊ နေကြာတစ်ဧကတင်း(၅ဝ) မတ်ပဲ တစ်ဧက(၂၅)တင်း၊ ပဲတီစိမ်း တစ်ဧက တင်း(၂ဝ)၊ ပဲစဉ်းငုံ တစ်ဧက(၂၅)တင်း၊ ဝါတစ်ဧက ပိသာ(၇ဝဝ)၊ ကြံတစ်ဧကတန် (၃ဝ)ထွက်ရှိရန် ပန်းတိုင်အထွက်နှုန်းအဖြစ် သတ်မှတ်ထားပါ ကြောင်း၊ တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်သွားကြရန်နှင့် အယ်လ်နီညိုရာသီဥတုကြောင့် သီးနှံများထိခိုက်ပျက်စီးမှုမရှိစေရေး ပြောင်းလဲလာသော ရာသီဥတု နှင့်အညီသီးနှံမျိုး၊ စိုက်နည်းစနစ်များနှင့် သွင်းအားစုများကိုလည်း ပြောင်းလဲအသုံးပြုရန်မှာကြားလို ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည့် (GAP) စနစ် အကြောင်း နှင့် ပိုးသတ်ဆေးသုံးစွဲရာတွင် ဆေးအညွှန်းကို သေချာကြည့်ရှုပြီး လိုက်နာဆောင်ရွက်ရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက်  တက်ရောက်လာသည့် တောင်သူများက သိလိုသည်များကိုပြန်လည် မေးမြန်းဆွေးနွေးခဲ့ရာ  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ တောင်သူအသိပညာပေး ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့မ၊ နှောကန်မှ ရိုးရှေ့တန်းစခန်းမှ တောင်သူများ စုစုပေါင်းအင်အား (၁ဝဝ) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)