ကျိုက်မရော ဇန်နဝါရီ ၂၇
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျိုက်မရောမြို့နယ်မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် မြို့နယ်အဆင့်ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကျိုက်မရော)ကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားကို အ.ထ.က (ကျိုက်မရော)မှ ကျောင်းသား၊ ကျောင်းသူလေးများက “တူယှဥ်နွှဲပျော် စုံညီပွဲတော်” တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အမှာစကားပြောကြားသည်။
ယင်းနောက် မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပညာရေးလုပ်ငန်း ဆောင်ရွက်မှုများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ကရင်ရိုးရာ ဒုံးယိမ်းအကများ၊ မွန်ရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြောင်းသိရသည်။
မိချို(ပြန်/ဆက်)