ဒွန်းနွဲ့ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မိုင်းယု ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက အဖွင့်အမှာစကားပြောကြားကာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက ပညာရေးစုံညီပွဲတော်ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်သည့် ပညာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဒွန်းနွဲ့ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာ ဦးအောင်မျိုးခိုင်က ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အဘက်ဘက်မှ ကူညီပံ့ပိုးပေးကြသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကာယ၊ ဉာဏဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5 ပြီးမြောက်ကြောင်း ဂုဏ်ပြုလက်မှတ်များကို ကျောင်းသားကျောင်းသူတို့အား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကာ ဆုများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ကိုကိုနိုင်