မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဓါတ်လုံစေတီတော်၌ သုံးရက်အဓိဋ္ဌာန်တရားအားထုတ်နေသော မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေအနေနှင့် သာသနာတော်ဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဝမ်ဘိုးအုပ်စုဝမ်ပုံကျေးရွာ ဘုန်းကြီးကျောင်းဆရာတော် ဦးဆောင်၍ ဝမ်ပုံစေတီတော် တည်ထားနေမှုအား လည်းကောင်း၊ ဝမ်တပ်အုပ်စု ဝမ်ဒေကျေးရွာ ဗောဓိရွှေညောင်ပင်အား ဘုရားဖူးများ စိတ်အေးချမ်းစွာဖူးမြော်နိုင်ရန် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာနှင့် ဟောင်ကြန့်အုပ်စု ဟောင်ကြန့်ကျေးရွာ ရွှေစည်းခုံစေတီတော်တွင် အပတ်စဉ်စနေနေ့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မည့်နေရာများကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း