နေပြည်တော် ဇန်နဝါရီ ၂၇
၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုပြိုင်ပွဲကို မြို့နယ်များတွင် ခရစ်ကက်အားကစားနည်း အဆင့်အတန်း မြင့်မားလာစေရန်၊ လူငယ်များ ခရစ်ကက်အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာစေရန်၊ ခရစ်ကက် အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့နယ်များမှ ထူးချွန်အားကစား မောင်/မယ်များကို နေပြည်တော် ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများအဖြစ် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်သည့် အားကစားသမားများကို စနစ်တကျစီစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲတွင် နေပြည်တော်ကိုယ်စားပြု ခရစ်ကက်အသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အောင်မြင်မှုရရှိအောင် စွမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲအားကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းကမ်းများကိုလိုက်နာပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြကာ နိုင်ငံတော်မှအားထားရသည့် ခရစ်ကက်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆိုကြပြီး နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အသက်(၂၅)နှစ်အောက်ခရစ်ကက်(အမျိုးသား) ပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ်အသင်းနှင့်ဥတ္တရသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး အသက်(၂၅)နှစ်အောက် အမျိုးသားခရစ်ကက် အသင်း(၈)သင်း၊ အမျိုးသမီးခရစ်ကက်အသင်း (၈)သင်း၊ စုစုပေါင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့ရှောင်လမ်းတစ်လျောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများအား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာ စေရန်အတွက် စစ်ဆေးခြင်းများဆောင်ရွက်နေသည့်နေရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)