မုဒုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဂျုံးဂျုံးကျတောရကျောင်းတိုက်တည် ဆရာတော် ဘဒ္ဒန္တသုမန မဟာထေရ်မြတ်ကြီး၏ ခန္ဓာဝန်သိမ်းတော်မူသည့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကျောင်းတိုက်ဆရာတော်ကြီး၏ (၇၂) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် လေးထပ်ကျောင်းဆောင် အစရှိသော သာသနိကအဆောက်အဦများ၏ ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ မွန်ပြည်နယ်သံဃာ့နာယကအဖွဲ့ သြဝါဒဆရာတော်ကြီး များ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်ကြီးများ၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က တက်ရောက်ခဲ့ကြရာ ဂျုံးဂျုံးကျတောရကျောင်းတိုက်ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကိတ္တိဝဏ္ဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်ကြီး (၁၃)ပါးတို့မှ “မေတ္တသုတ်” ပရိတ်တရားတော်များ ရွတ်ဖတ်ပေးသည်။
ဆက်လက်၍ တာဝန်ရှိသူများနှင့် အလှူရှင်များတို့က ဆရာတော်ကြီးများနှင့် ပင့်သံဃာ (၂၀၅)ပါးတို့အား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ဆရာကြီးက အနုမောဒနာတရားနှင့် လေးထပ်ကျောင်းဆောင် အစရှိသော သာသနိက အဆောက်အဦများ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)