မြစ်သားမြို့နယ် ကူမဲမြို့မစျေးအတွင်း၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့်

မြစ်သား ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   မြစ်သားမြို့နယ် ကူမဲမြို့၊ မြို့မစျေးအတွင်း၌ မီးဘေး  လုံခြုံရေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းနှင့် လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့်ခြင်းကို  ယမန်နေ့ မွန်းလွဲ (၂)နာရီက  အဆိုပါ စျေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်မှ စျေးအတွင်း မီးဘေးလုံခြုံရေး လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ မီ‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရန် ပညာပေး ဟောပြောခဲ့ပြီး မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုမှု မီးငြှိမ်းသတ်နည်းကို ရှင်းလင်းပြသကာ လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့သည်။ ထို့နောက် မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ယာဥ်များဖြင့် မီးငြှိမ်းသတ်ပုံကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းများနှင့် စျေးသူ ၊ စျေးသားများက ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်တွေ့သရုပ်ပြပွဲသို့  ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသပ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ၊ လျှပ်စစ်ဝန်ထမ်းများ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)