မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ယာယီမဲရုံ ၁၂၁ ရုံ တည်ဆောက်သွားမည်

မန္တလေး      အောက်တိုဘာ    ၂၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီမဲရုံ ၁၂၁ ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

" ယာယီမဲရုံတွေက ၂၀၂၀ ရွေးကောက်ပွဲမှ ဆောက်တာမဟုတ်ဘူး။ အရင်ရွေးကောက်ပွဲတွေ ကတည်းက ဆောက်ခဲ့တာပါ။ ဆောက်လုပ်ရတဲ့ အဓိက အကြောင်းရင်းကတော့ အထူးသဖြင့် တချို့ရွာတွေမှာ အများဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စာသင်ကျောင်းမရှိတဲ့ ရွာရှိတယ်။ စာသင်ကျောင်းမရှိတဲ့အပြင် တချို့ရွာတွေမှာ အများသုံးတဲ့ ဓမ္မာရုံတွေလည်း မရှိတဲ့ နေရာမျိုး တွေအတွက် ဆောက်ခဲ့တာဖြစ်ပါတယ်။ မန္တလေးတိုင်းမှာတော့ ဆောက်လုပ်ရန် လိုအပ်တဲ့ မဲရုံပေါင်းက အရင်က အများကြီး ပါဘဲ အခုတော့ ၁၂၁ ရုံပဲ ရှိပါတော့တယ်။ တချို့လည်းကျောင်းတွေ ပေါ်လာတာကြောင့်ပါ။ ဆောက်မယ့်အနေအထားကလည်း လွှတ်တော်သုံးရပ် ရှမ်းတိုင်းရင်းသားပါတဲ့အတွက် အလျား ၄၀ပေ၊ အနံ ၂၀ပေ ဖြစ်ပါတယ်။ တာလဘတ်မိုး တာလဘတ် ကာနဲ့ ပါဘဲ။ အခုလမ်းဦးစီးဌာနက ဆောက်ပေးမယ့် သဘောမျိုးဖြစ်ပါတယ်။ " ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

ယာယီမဲရုံများကို ရပ်ကွက်နှင့်ကျေးရွာများရှိ လိုအပ်သောနေရာများတွင် တည်ဆောက်သွားမှာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့ တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါမဲရုံများကို ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လမ်းတံတားနှင့် ဆောက်လုပ်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

" ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီတွေရဲ့ ညွှန်ကြားစာတွေ အရကတော့ ၃၁ ရက်နေ့ အရောက် ပစ္စည်းတွေ စုပုံဖို့နဲ့ ၅ ရက် နေ့မှာ အပြီးဆောက်လုပ်ပြီးတော့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲတွေကို အပ်နှံရန်ဆိုပြီး ညွှန်ကြားထားပါတယ်။ ယာယီမဲရုံ ဆိုတာက ဆောက်လုပ်ရန်လိုလို့ ယာယီမဲရုံလို့ ခေါ်တာပါ။ ဖွဲ့စည်းပုံကတော့ မဲရုံဝန်ထမ်း အပြင် ဝန်ထမ်းအကုန် ဖွဲ့စည်းပြီးသားပါ။ မဲရုံဝန်ထမ်းတွေကို PPE ဝတ်စုံတွေ၊ Face Shieldတွေ၊ လက်အိတ်တွေ၊ Hand Gelတွေ Maskတွေ ပေးဖို့ လည်း ပါပါတယ်။ အခုက ကိုဗစ်ကြောင့် မဲဆန္ဒရှင်အတွက်ပါ Mask မပါရင် ဝေမယ်။ Hand Gel သုံးဖို့ ဖြန့်ဖြူးပေးမယ်။ ဒါတွေ ထိပါတဲ့ သဘောပါ။ " ဟု ဆက်ပြောသည်။

မန္တလေးတိုင်းဒေသကြီးမှာ မဲရုံပေါင်း ၅၄၄၇ရုံ ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၄၇ သိန်း ကျော်ရှိကာ ကွာရန်တင်းစင်တာ ၃၀၀ ကျော် ကြောင်း၊ COVID - 19 ရောဂါကူးစက်မှုမှ ကာကွယ် နိုင်စေရန် မဲရုံများအပြင်ဘက်တွင် ပညာရေး ဝန်ထမ်းတစ်ဦး၊ ကျန်းမာရေး ဝန်ထမ်းတစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် အခြားစေတနာ့ဝန်ထမ်း ၂ ဦး ထားရှိသွားမည် ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ထိပ်ထားနိုင်