အမရပူရ ဇန်နဝါရီ ၂၆
မန္တလေး၊ အမရပူရမြို့နယ်၊ အိုးတော် အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၃/၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီက အမရပူရမြို့နယ်၊ ရတနာ့ဂူဘူတာအနီးရှိ အဆိုပါမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို အလယ်တန်း ကျောင်းသား၊ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် အမရပူရခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများ၊ ၂၀၂၃/၂၄ ပညာသင်နှစ်တွင် ထူးချွန်ဆုရနှင့် ကျောင်းတက်မှန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ သင်္ချာစွမ်းရည်ဆု၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူနှင့် ကျောင်းအခြေပြုအန္တရာယ်လျော့ပါးရေး သင်တန်းဆင်းလက်မှတ်နှင့် ဝတ်စုံများ၊ စုစုပေါင်း(၃၆၆)ဦးကို ဆုများအသီးသီးချီးမြှင့်ပေးကြသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက အကပဒေသာများ၊ တေးသရုပ်ဖေါ်များဖြင့် ကပြဖျော်ဖြေပေးကြကြောင်း သတင်းရရှိသည်။
စိုးသီဟ(အမရ)