မြစ်သား ဇန်နဝါရီ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြစ်သားမြို့နယ်မဲဆန္ဒရှင်ပြည်သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်(Myanmar Electronic Voting Machine-MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြစ်သားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သန်း၊ ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းတို့က မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုပြီး စမ်းသပ်မဲပေးခြင်းနှင့် စပ်လျဥ်း၍ အားသာချက်များ၊ မဲပေးချက်ဖော်ပြသည့်စက်၊ ဆန္ဒပြုစက်၊ ထိန်းချုပ်စက်အစိပ်အပိုင်းများ၏ လုပ်ဆောင်ချက်များ၊ မဲပေးစက်အသုံးပြု၍ မဲပေးခြင်းပုံစံများ၊ မဲရုံအတွင်း မဲပေးစက်နေရာချထားခြင်းများ၊ မဲပေးစက်မှမဲရလဒ်များ ထုတ်ယူရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ် လုံခြုံစိတ်ချရမှုများအား Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် မဲဆန္ဒရှင်ပြည်သူများက မဲရုံအဖွဲ့ဝင် တာဝန်ယူကိုင်တွယ်ရသည့် ထိန်းချုပ်စက်အား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ထိန်းချုပ်စက်မှ မဲရလဒ်များအား ဖော်ပြသည့်စက္ကူဖြတ်ပိုင်းနှင့် မဲပေးချက်ဖော်ပြသည့်စက်တွင် ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများ အရေအတွက်တူညီမှုရှိကြောင်းနှင့် မှန်ကန်မှုရှိကြောင်း တိုက်ဆိုင်စစ်ဆေးခြင်း စသည့် လုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)