ပုဇွန်တောင် ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် လက်တွေ့မီးငြိမ်း သတ်ရေး ဇာတ်တိုက်လေ့ကျင်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး ထိန်းသိမ်းထားသိုနည်းများ၊ ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံနှင့် အသုံးဝင်ပုံများ၊ မီးဘေးအန္တရာယ် ဖြစ်ပွားပါက အရေးပေါ် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား အသိပညာပေး ဟောပြောခဲ့ပြီးနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ အရေးပေါ်မီးလောင်မှု ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂတ်စ်မီးအသုံးပြုသူများအနေဖြင့် မီးလောင် မှု ဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး မရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသပေးခဲ့ပြီး တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်