တာမွေမြို့တွင် ပုံပြင်ပြောပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တာမွေ ဇန်နဝါရီ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော ဝက်ဆိုဒ်တီဗွီရိုက်ကူး လွှင့်တင်သည့် ပုံပြင်ပြောပြိုင်ပွဲ၌ ပထမဆုကို ထူးချွန်စွာ ဆွတ်ခူးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အမှတ်(၇)အခြေခံပညာ မူလတန်းကျောင်းမှ တတိယတန်းကျောင်းသူလေး မမြတ်စောသျှင်အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ချီးမြှင့်သော ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းနှင့် ဆုတံဆိပ်အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က လည်းကောင်း၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဇော်သက်မှ ချီးမြှင့်သော ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းအား မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများသည် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသူလေးနှင့် အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခရိုင်၊ မြို့နယ်၊ မြို့ရုံးများတွင် ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက် ဖေ့စ်ဘုတ်စာမျက်နှာများမှ တစ်ဆင့် စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများဖြစ်သည့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စက္ကူခေါက် ခြင်းနှင့် စာအုပ်မိတ်ဆက်ခြင်းများကို အများပြည်သူ အသိပညာဗဟုသုတများ တိုးပွားရေးစေရေး အတွက် ဝက်ဆိုဒ်တီဗွီအဖြစ် ရိုက်ကူးလွှင့်တင်လျက်ရှိပြီး အဆိုပါ လွှင့်တင်သည့် အစီအစဉ်များ အနက် အရည်အသွေးပြည့်မီသည့် ပုံပြင်များ လွှင့်တင်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ သုံးလတစ်ကြိမ် ပုံပြင်ပြောပြိုင်ပွဲများ စီစဉ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)