လယ်ဝေး ဒီဇင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ ပြည့်စုံကိုယ်ပိုင်အထက်ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည့်စုံကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။
ရှေးဦးစွာပြည်ထောင်စုနယ်မြေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည့်စုံကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့်က အမှာစကားပြောကြားသည်။ ထို့နောက် လူငယ် စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စေ့စပ်ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများဖြစ်သည့် G-11မှ မယွန်းရူပါအောင်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ G-11 မှ မောင်အောင်နိုင်ပြည့်စုံက လူငယ်နှင့် ရည်မှန်းချက်၊ G-10မှ မောင်ပိုင်သျှန်ဟိန်းက လူငယ်နှင့် ကိုယ်ကျင့်တရား၊ G-10 မှ မကျော့မှူးအိမ်က လူငယ်နှင့်စာဖတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ဆိုင်ရာအသိပညာပေး စာအုပ်စာစောင်ပြပွဲအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ(ပြန်/ဆက်)