ကျိုက်ထို ဇန်နဝါရီ ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မုန်လာဥစိုက်ပျိုးခြင်းကြောင့် တောင်သူများ အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါမုန်လာဥစိုက် တောင်သူများသည် ရာသီအလိုက်သီးပင်၊ စားပင်များကို စိုက်ပျိုးရောင်းချရာတွင် စားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေရန် သဘာဝမြေဩဇာအသုံးပြု၍ စိုက်ပျိုးကြကြောင်း မုန်လာဥပင်များကို နိုဝင်ဘာလတွင် ပျိုးထောင်၍ (၁၅)ရက်သားပြည့်လျှင် သဘာဝမြေဩဇာနှင့် အတူမြေခံဆေးရောထည့်ကာ (၃)ရက်ကြာထားရှိပြီး ဥကြီးထွားရှင်သန်နိုင်သည့် ပျိုးပင်များအား ရွေးထုတ်၍(၂)လကြာ စောင့်ဆိုင်းရကြောင်း၊ စောင့်ဆိုင်းနေသည့် ကာလတွင် ဥကြီးထွားမှုမရှိနိုင်သည့် အပင်ငယ်များအား ခွဲထုတ်ရကြောင်း၊ (၂)လပြည့်ချိန်တွင် မုန်လာဥများတူးဖေါ် ရောင်းချနိုင်ကြောင်း၊ ရောင်းချရာတွင် တစ်စည်းကို ၂ ဥနှုန်းစည်း၍ငွေကျပ် (၆၅၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ တစ်နေ့လျှင် အစည်း(၁၀၀)ခန့် ထွက်ရှိ၍ ရောင်းရငွေ (၆၅၀၀၀)ကျပ်ခန့် ရရှိသဖြင့် မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မုန်လာဥစိုက်တောင်သူ ဒေါ်သန္တာမှ ပြောကြားခဲ့သည်။
ထို့ပြင် မုန်လာဥနီ၊ မုန်လာဥဖြူများသည် မြေအောက် မြစ်လျှောက် အမျိုးအစားများ ဖြစ်သဖြင့် မြေဆီလွှာထဲမှသတ္တုဓာတ်နှင့် အာဟာရတို့ကို အပြည့်အဝစုပ်ယူထားသည့်အပြင် မုန်လာရွက်သည် လည်းနေရောင်ခြည်ဖြင့် အစာချက်လုပ်ထား၍ ကစီဓာတ်ကြွယ်ဝကာလူကို အာဟာရဖြစ်စေ၍ ဆောင်းရာသီဓာတ်စာအဖြစ် စားသုံးသင့်ကြောင်း တောင်သူဒေါ်သန္တာမှ ဖြည့်စွက်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)