ဥတ္တရသီရိမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယမန်​နေ့ နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက အဖွင့်အမှာစကား ပြောကြားရာ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရန် ကြိုးစားဖို့လိုကြောင်း၊ စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်အဟုန်မပျက် ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အနာဂါတ်နိုင်ငံတော်ကို ပုံဖော်ထုစစ်ရမည့်သူများဖြစ်သည့် အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့် ပြည့်စုံရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် သုတရသ စာအုပ်၊ စာစောင်များ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်၊ လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)