ကျိုင်းတုံ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက မူးယစ်ဆေးဝါး အန္တရာယ်အသိညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့နယ်၊ ယန်းလူး၊ အခြေခံပညာထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်သွင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ် ဆေးဝါးဆန့်ကျင်ရေးအသင်း၊ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများ ကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူယစ်ဆေးဝါးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့် အချက်များ၊ စသည့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)