မြစ်ကြီးနား ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း နယ်မြေအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား ၂၀၁၄ ခုနှစ်ကတည်းက ပြန်လည်နေရာချထားပေးခဲ့သည့် ငွေပျော်စံပြ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ တိုးချဲ့ဆောင်ရွက်ပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ငွေပျော်စံပြကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ကျေးရွာရပ်မိရဖများ၊ ဒေသခံများနှင့်အတူ ငွေပျော်စံပြကျေးရွာအနီး ရာဘာ၊ မဆလာ၊ နံ့သာနီ၊ တံမြက်စည်းစသည့် ခြံစိုက်လုပ်ငန်းများ ဆောင်ရွက်လျက်ရာ အဆိုပါကုန်ထုတ်လမ်းပေါ်ရှိ နန်းကွေ့ချောင်းပေါ်တွင် ပေ ၂၁၀ ကျော်အရှည် တံတားသစ်တည်ဆောက်ပေးနိုင်ရေး ဆိုင်ကယ်ကူးကြိုးတံတားဟောင်းကြံ့ခိုင်မှုအခြေအနေနှင့် ချောင်းရေအမြင့်ဆုံးမြင့် တက်လာနိုင်သည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအား မြေပြင်အခြေအနေကွင်းဆင်းတိုင်းတာစစ်ဆေး၍ အမြန်ဆုံးတွက်ချက်တင်ပြနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါကျေးရွာအတွင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာ ၅၀၀ ကျော်ရှိသည့်အနက် ပြန်လည်နေရာချထားပေးသည့် အိမ်ထောင်စုများမှ တိုးတက်လာသော လူဦးရေနှင့် မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိသားစုများ ထပ်မံနေရာချထားပေးနိုင်ရေး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၂၄ ပေ × ၁၈ ပေ)ရှိ ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုး တန်ဖိုးနည်းနေအိမ်သစ် ၂၅ လုံးတည်ဆောက်နေမှုကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြည်တွင်းနေစွန့်ခွာသူများအတွက် တိုးချဲ့တည်ဆောက်လျက်ရှိသည့် နေအိမ် ၁၀၂ လုံး တည်ဆောက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အမီ ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရွှေ့ပြောင်းနေထိုင်လိုသူ မိသားစုများအား အမြန်ဆုံးနေရာချထားပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျေးရွာဘက်စုံသုံးခန်းမဆောင်၌ ကျေးရွာနေ လူထုနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ နှစ်သစ်တွင် မိသားစုများအားလုံး ကျန်းမာပါစေကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ငွေပျော်စံပြကျေးရွာနေ မိသားစုများဘဝ တိုးတက်မြင့်မားရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့မိသားစုများ၏ လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာနေမိသားစုများအတွက် ကြက်ဥများကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ကျေးရွာခန်းမတိုးချဲ့တည်ဆောက်ပေးနိုင်ရေး၊ အစုအဖွဲ့ပိုင် ဝါးစိုက်ခင်း တည်ထောင်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီခွဲက နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ၏ Project Show နှင့် ပထမနှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုစွမ်းရည်ပြပွဲ (Project Show)အတွင်း ဘာသာရပ်အလိုက် Project လုပ်ငန်းများကို တီထွင်စမ်းသပ်ကာ ပြသထားသည့်အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် တိရစ္ဆာန်အစာကြိတ်ခွဲစက်၊ စပါးခြွေလှေ့စက်ငယ်နှင့် ဆိုလာစွမ်းအင်၊ စက်သုံးဆီစွမ်းအင်ဖြင့် ဘက်စုံသုံးကားငယ်တီထွင်ပြသထားရှိမှု၊ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားတီထွင်ပြသထားရှိမှု စသည့်ပြပွဲအား ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပထမနှစ်ကျောင်းသား/ ကျောင်းသူ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဘွဲ့နှင်းသဘင် ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ Project Show သည် ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် Project ဖြစ်သည့်အတွက် စိတ်ဝင်စားစရာကောင်းသည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏ တီထွင်မှုစွမ်းရည်များ တိုးတက်လာခြင်း၊ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ Junior ကျောင်းသား/ ကျောင်းသူများကိုလည်း လေ့လာဆန်းစစ်နိုင်သကဲ့သို့ သုတေသနများ ဆက်လက်ပြုလုပ်နိုင်ရန် တွန်းအားတစ်ခုဖြစ်စေမည် ဖြစ်ပါကြောင်း၊ ယခုပထမနှစ်တက်ရောက်လာကြသည့် မောင်/မယ်များကို စီနီယာအစ်ကိုကြီး/ အစ်မကြီးများက နွေးထွေးစွာကြိုဆိုခြင်းဖြစ်ပြီး မောင်မယ်သစ်လွင်များအနေဖြင့် စိန်ခေါ်မှု၊ ခက်ခဲမှုများကို ပညာသင်ကာလအတွင်း ဖြတ်သန်းကြရမည်ဖြစ်သည့်အတွက် ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲတို့ အထူးလိုအပ်ကြောင်းကို မှာကြားလိုပါကြောင်း၊ နိုင်ငံအကျိုးပြု အင်ဂျင်နီယာကောင်းများဖြစ်လာစေရေး၊ ပတ်ဝန်းကျင်ကောင်းဖန်တီးပေးနိုင်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေး ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ဒုတိယပါမောက္ခချုပ်ဒေါက်တာမင်းမင်းဦးကပြပွဲနှင့် အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အတန်းအသီးသီးမှ ပထမဆုရရှိသူများနှင့် စာစီစာကုံး၊ ကဗျာဆုရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် ကုန်တင်ယာဉ်ကြီးများ စနစ်တကျတင်/ပို့နိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ကြသည့် အသင်း/အဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် သီးနှံထုတ်ကုန်များနှင့် ကုန်စည်များကို ကံပိုင်တည်နှင့်လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးပြည်နယ်အဆင့် ကော်မတီနှင့် ခရိုင်အဆင့်ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ကုန်စည်သယ်ယူ ပို့ဆောင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများစနစ်တကျဆောင်ရွက် နိုင်ရေးအတွက် ကုန်စည်တင်ပို့ယာဉ်များအား ကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစွာစီးဆင်းနိုင်ရေးနှင့် ကုန်တင်ယာဉ်များအား စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေကပြည်နယ်အတွင်း ကုန်စည်တင်/ပို့ လုပ်ငန်းဆောင်ရွက်မှုများ အခြေအနေများနှင့် အလေးထားလိုက်နာဆောင်ရွက်ရမည့် အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက မြန်မာ-တရုတ် နယ်စပ်ကုန်စည်စီးဆင်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုင်စင်မဲ့ကုန်တင်ယာဉ်များ ကြပ်မတ်စစ်ဆေးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်တင်ယာဉ်များ စနစ်တကျ စစ်ဆေးကြပ်မတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး၊ လိုအပ်သည်များကို ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအသင်း/အဖွဲ့များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)