ပုဗ္ဗသီရိ အောက်တိုဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၆၀)နှစ်အထက်ဘိုးဘွားများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်မဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
"၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှစ်အထက် ဘိုးဘွားများနှင့် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့်သူများ အနေဖြင့် မိမိတို့မဲစာရင်းပါရှိရာ ရပ်ကွက်/ကျေးရာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ပေးထားပြီး ဆန္ဒမဲပေးရန်လာရောက်ကြသည့် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက်စနစ်တကျ ဆောင်ရွက်ထားကြောင်းနှင့် ကြိုတင်ဆန္ဒမဲပေးမည့်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်၍ ဆန္ဒပြုမဲပေးနိုင်ကြောင်း" မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေး မှူး ဦးရှိုင်းအောင်ကပြောကြားခဲ့သည်။
ကြိုတင်ဆန္ဒမဲပေးမည့်သူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်နေ့ထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးမှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကံချွန်(ပြန်/ဆက်)