နေပြည်တော် ဇန်နဝါရီ ၂၆
၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်မ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များကို သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသအတွက် အမှန်တကယ်အကျိုးရှိမည့် လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ နည်းလမ်းများရှာပြီး အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ဘဏ္ဍာငွေများ တင်ပြတောင်းခံရာတွင်လည်း ဒေသအတွင်း ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိမည့် လုပ်ငန်းများကို ဦးစားပေးတောင်းခံကြရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံ၏ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းအောင်မြင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)