ကျောင်းစုကျေးရွာမြေသားရေကန်မှ ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၇

ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ အဆင်ပြေလွယ်ကူစွာ ရယူသုံးစွဲနိုင်စေရန်အတွက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ တလိုင်းကန်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင် ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီမှုအခြေအနေများကို၊ ဇန်နဝါရီ(၂၆)ရက်နေ့ ညနေ(၃)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညောင်ဦးခရိုင် ဦးစီးမှူး၊ ကျောက်ပန်တောင်းမြို့နယ် ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေရေးလုပ်ငန်းကို ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် တူးဖော်ပြီးစီးခဲ့သည့် ကျေုာင်းစုကျေးရွာ မြေသားရေကန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ Shopping Method ဖြင့် ထပ်မံဆောင်ရွက်ခြင်းဖြစ်ပြီး၊ (၅ပေ×၅ပေ×၇ပေ) ရေစက်ရုံ တည်ဆောက်ခြင်း၊ (545W) ဆိုလာ(၈)ချပ်တပ်ဆင်ခြင်း၊ 4HP ရေမြုတ်ပန့်(Submersible Pump)တပ်ဆင်ခြင်း တို့အတွက်၊  ကုန်ကျငွေ ကျပ်သန်း(၁၇ ဒသမ ၇၃၁)သန်းဖြင့် (၁-၁-၂၀၂၄)ရက်နေ့တွင် လုပ်ငန်းစတင်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါလုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ပါက ကျောင်းစုကျေးရွာနေ အိမ်ခြေ(၁၇၆)အိမ်မှ လူဦးရေ(၉၈၃)ဦးနှင့် အနီးဝန်းကျင်းကျေးရွာများမှ ပြည်သူများပါ သန့်ရှင်းသော သောက်သုံးရေကို လျှင်မြန်လွယ်ကူစွာ ရယူသုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုလာရေတင်စနစ် ဆောင်ရွက်ပြီးစီးမှုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဦးဌာန ညောင်ဦးခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများ ကွင်းဆင်းစစ်ဆေး၍ ဒေသခံကျေးရွာ ရေကော်မတီဝင်များနှင့် တွေ့ဆုံရာတွင်၊ ခရိုင်ဦးစီးမှူးက ဆောင်ရွက်ပြီးသည့် ဆိုလာရေတင်စနစ်ကို၊ ရေရှည်တည်တံ့စေရေးနှင့် ပျက်စီး/ပျောက်ဆုံးမှုများ မဖြစ်စေရေး ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)