လွိုင်လင်ခရိုင်၊ နမ့်စန်တွင် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအသီးသီး၌ ကြိုတင်မဲပုံးများ လုံခြုံရေးကြိုး တပ်ဆင်ပိတ်၍ ကြိုတင်မဲပေးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

နမ့်စန်(တ) အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက နိုင်ငံရေး ပါတီကိုယ်စားလှယ်များရှေ့တွင် ကြိုတင် ဆန္ဒမဲပုံးများ အလွတ်ဖြစ်ကြောင်းပြသပြီး လုံခြုံရေးကြိုးတပ်ဆင်ပိတ်ခြင်းကို ယနေ့နံနက်၁၀ နာရီက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သက်ဆိုင်ရာရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက မဲရုံအလိုက် ကြိုတင်မဲပုံးများကို လုံခြုံရေးကြိုးများ တပ်ဆင်ခဲ့ရာနိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များကလည်း ကိုယ်တိုင်ပါဝင် တပ်ဆင်ပိတ်သိမ်းခြင်း၊ တပ်ဆင်ပြီးသည့် လုံခြုံရေးကြိုးများ၏ ကုဒ်နံပါတ်များကို မှတ်သားခြင်း ၊ ဓာတ်ပုံရိုက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် ၁၁  ခုနှင့်ကျေးရွာအုပ်စု ၂၀ခုတို့၌ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူဦးရေ (၉၁၆၉၆) ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများသည် ယနေ့ နေ့လယ်ပိုင်းမှစ၍ သက်ဆိုင်ရာရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာများတွင် ကြိုတင် ဆန္ဒမဲပေးခြင်းများစနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)