မော်လမြိုင် ဇန်နဝါရီ ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် အွန်လိုင်းမီဒီယာများပေါ်၌ သတင်းတု သတင်းမှားကာကွယ်ရေးအတွက် ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ဟောပြောပွဲတွင် ဇေယျာသီရီနယ်မြေစခန်းမှူး ရဲအုပ်မင်းမင်းထက်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မိုးလွင်နှင့် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်တို့က ရပ်ကွက်နေပြည်သူများအနေဖြင့် အွန်လိုင်းမီဒီယာများပေါ်၌ သတင်းတု သတင်းမှားထုတ်ပြန်မှုများရှိသဖြင့် သေချာစိစစ်၍ အမှားအမှန်ခွဲခြားသုံးသပ်ကြရန်လို အပ်ကြောင်း၊ သတင်းဟုဆိုပြီး မြင်သမျှ ကြားသမျှသော သတင်းစာသား၊ ဓာတ်ပုံ၊ ရုပ်သံတို့ကို ဟုတ်/မဟုတ် မှန်/မမှန် ဆန်းစစ်ကြရန်လိုအပ်ကြောင်း၊ Link၊ Comment၊ Share များ ပြုလုပ်ရာတွင် သတိထား၍ဆောင်ရွက်ကြရန် သတင်းအမှားများအား လိုက်လံဆောင်ရွက်ပါက တရားဥပဒေနှင့်အညီ အရေးယူခံရနိုင်ဖွယ်များ ရှိသည့်အတွက် ပြည်သူများအနေဖြင့် ဂရုပြု၍ လိုက်နာဆောင်ရွက်ရန်တို့ကို အကျယ်တစဝင့်ပြောကြားခဲ့သည်။
ထိုသို့ သတင်းတု သတင်းမှား ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)