ပူတာအိုမြို့၌ အထက(ပူတာအို)၏၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပူတာအို ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် အထက(ပူတာအို)ကျောင်း၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်နှင့်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၂၆) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ အခြေခံ ပညာအထက်တန်းကျောင်း ကွင်းပြင်၌ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က (ပူတာအို) ကျောင်း Grade-(10,11) ကျောင်းသား/သူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး သိန်းဆွေညွန့်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက် များကိုရှင်းလင်းပြောကြားပြီး ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် အထက်တန်းအဆင့်အမျိုးသမီး ပထမဆု ရ Grade-11 မှ မနူးနူးပန်က “အနန္တမေတ္တာ” သီချင်းဖြင့်သီဆိုဖျော်ဖြေသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပညာရေးမှူး ဒေါ်သန်း သန်းညွှန့်နှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိ သောကျောင်းသား/သူများအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာ/မများ၊ဂုဏ်ထူးရရှိသော ကျောင်းသား/သူများ၊ဇွဲ လုံ့လဝိရိယဆုရရှိသော ဆရာ/မများနှင့်ကျောင်းတက်မှန်ဆုရရှိသော ဆရာ/မများအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အတန်းလိုက်ဆုရရှိသည့် ကျောင်းသား/သူများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အ.ထ.က (ပူတာအို) ကျောင်း ဆရာ/မများနှင့်ကျောင်းသား/သူများက အကပဒေသာများ ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်အနေဖြင့် ကံစမ်းမဲဖောက်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ဖုန်ကန် (ပူတာအို)