ဟိုမိန်း ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုမိန်းမြို့ အမှတ် (၃) ရပ်ကွက်ရှိ အ.မ.က(မူလွန်)ပန်သပြေကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျောင်းသား/သူလေးများမှ “မြန်မာ့ကျောင်း”သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဟိုမိန်းမြို့ လှုပ်ရှားအမှတ် (၃) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မြတ်၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခေးဆင့်နှင့် အ.မ.က(မူလွန်)ပန်သပြေ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေမော်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ဆုရရှိသောကျောင်းသား/သူများအား တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/သူများမှ အကပဒေသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ အ.မ.က(မူလွန်)ပန်သပြေကျောင်း၌ ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ လှုပ်ရှားအမှတ် (၃) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မြတ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးဦးသူရအောင်နှင့်ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထက်ထက်(ဟိုမိန်း)