ချီဖွေ အောက်တိုဘာ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များအား လုပ်ငန်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေမှူး ဦးညွန့်ဆွေက ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နိုင်တင်အေးက မဲရုံများလုံခြုံရေး အထူးဂရုပြုနိုင်ရေး မှာကြား ခြင်းနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဒုတိယ ဦးစီးမှူး ဦးနိုင်ဝင်းကျော်က မဲရုံလုံခြုံရေး၊ မဲပေးပြီး ကြောင်း မှင်တို့ တာဝန်နှင့် လုပ်ပိုင်ခွင့် အသိပညာပေးခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်စိုးသူ ရွေးကောက်ပွဲဆိုင်ရာ၊ ဥပဒေ၊ နည်းဥပဒေ အကြောင်း အရာများဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇုန်းဘောမ်က မဲရုံသုံးပစ္စည်း၊ မဲရုံတည်ဆောက်မှု၊ မဲစာရင်းပုံစံများ ဖြည့်စွက်ရေးကိစ္စရပ်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး/စာရေးများ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန် များ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ပံ့ပိုးမှုများ၊ တစ်ဦးနှင့်တစ်ဉီး အချိတ်အဆက် ရှိရှိ လုပ်ဆောင် နိုင်ရေး၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် နယ်မြေအခြေအနေ၊ လုံခြုံရေး ဆိုင်ရာစသည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ မြို့နယ်အတွင်းရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လိုအပ်သည်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်/ကျေးတာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ် ပြန်/ဆက်)