ကြည့်မြင်တိုင်မြို့နယ်၌ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကြည့်မြင်တိုင် ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ယမန်နေ့နံနက် ၉း၃၀ အချိန်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုလက်နှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ရင်၊  မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးအဆောက်အဦများတွင် မီးဘေးလုံခြုံရေးနှင့် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများစစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရပ်ကွက်များအတွင်းရှိ အိမ်နှင့်စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးများတွင် မီးဘေးလုံခြုံရေးလက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးနှိုးဆော်ခြင်း၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)