ကွမ်းခြံကုန်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ​ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက  “ကမ္ဘာ့အဆင့်မီပညာရေး” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းက အမှာစကားပြောကြားပြီး တွံတေးခရိုင်၊ ခရိုင်ပညာရေးမှူးဒေါ်ခင်စန်းရီက အမှာစကားပြောကြားကာ ကွမ်းခြံကုန်းမြို့နယ်မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးပြည့်ဖြိုးလှိုင်ကပညာရေးဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဗဟိုအဆင့်/တိုင်းအဆင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ အားကစားထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ထူးချွန်သူ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်၊ ပညာရေးမှူးဒေါ်ခင်စန်းရီ၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်လုံခြုံရေးတာဝန်ခံဒုတိယဗိုလ်မှူးကြီးရဲကျော်သူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး/ ဆရာကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဆွေနွယ်(ပြန်/ဆက်)