ကလောမြို့နယ်၌ ကမ္ဘားနီကျေးရွာ စာကြည့်တိုက်ဖွင့်လှစ်မှုသုံးနှစ်ပြည့်နှင့် အမေများနေ့ အထိမ်းအမှတ် စာပေဆုချီးမြှင့်ပွဲကျင်းပ

ကလော ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ကမ္ဘားနီကျေးရွာတွင် ယမန်နေ့ မွန်းလွဲ  ၁ နာရီက ပညာအလင်းရောင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်ဖွင့်လှစ်ခဲ့ရာ သုံးနှစ်ပြည့်နှင့် ပြာသိုလပြည့်အမေများနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများပြုလုပ်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကမ္ဘားနီကျေးရွာစာကြည့်တိုက် နာယက ကမ္ဘားနီဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးကုသလ ကအဖွင့်အမှာစကားမြွက်ကြားပြီး စာကြည့်တိုက်မှူး ဆရာတော် ဦးပညာဝံသက ကျေးရွာစာကြည့်တိုက်လှုပ်ရှား ဆောင်ရွက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ကလောမြို့နယ်ဥက္ကဋ္ဌ ဦးမင်းယုနိုင်က စာကြည့်တိုက်များ ဖောင်းဒေးရှင်းလှုပ်ရှားမှု အခြေအနေများအကြောင်းတို့ကိုလည်းကောင်း၊ ကလောမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ  ဦးကိုကိုကြီးက အမေများနေ့အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကမ္ဘားနီကျေးရွာမှ ၂၀၂၃ ခုနှစ် ဒဿမတန်းအောင် ကျောင်းသား/ကျောင်းသူများ၊ စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများနှင့် ပညာအလင်းရောင်စာကြည့်တိုက်တွင် စာပေဝါသနာပါပြီး သုံးနှစ်တာကာလအတွင်း စာဖတ်အား အကောင်းဆုံးဆုများကို ကမ္ဘားနီးကျေးရွာရှိ ပညာအလင်းရောင်စာကြည့်တိုက် သုံးနှစ်ပြည့်နှင့် အမေများနေ့ အထိမ်းအမှတ်အဖြစ် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)