မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်ဖျဥ်ကူစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းကြီးလောင်းပွဲတော်၊ သဲဖြူကုန်းကျေးရွာရှိ ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်း နေမှုကြည့်ရှုအားပေး

ပေါင် ဇန်နဝါရီ ၂၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မုတ္တမမြို့ရှိ ကျိုက်ဖျဥ်ကူစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းကြီးလောင်းပွဲတော်သို့ရောက်ရှိရာ ရှေးဦးစွာ စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ဆရာတော်သံဃာတော်များ အားဖူးမြှော်ကြည်ညိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာတော်များ၊ သီလရှင်ဆရာလေး (၁၅၀) ပါးတို့အား ဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ မွန်လွဲပိုင်းတွင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ ကွင်းအမှတ် (၉၂၇) (၉၂၃) (၉၂၈) တွင် ဒေသခံတောင်သူများ၏ ပန်းဂေါ်ဖီ၊ မုန်လာ၊ ကန်စွန်း၊ ဘူးသီး၊ ငရုတ်၊ ကြက်ဟင်းခါး စုစုပေါင်း (၁၆၅) ဧကတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများက မိမိတို့၏ လယ်ယာမြေများတွင် ရေလုံလောက်မှုရရှိရေးအတွက် မြေထိန်းတံခါးများ တပ်ဆင်ပေးရေး၊ ရေကန်များပြန်လည်တူးဖော်ပေးရေး လိုအပ်သည်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မွန်မလေး (ပြန်/ဆက်)