မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ  ၂၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကို အမှတ်(၁၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းသား/သူလေးများမှ "ကြိုဆိုပါသည်စုံညီပွဲတော်" သီချင်းဖြင့် ကပြသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး မဟာအောင်မြေမြို့နယ် မြို့နယ်ပညာရေးမှူး ဦးလှမြင့်မှ မြို့နယ်စုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/သူများ ပညာ‌ရေးပိုင်းထူးချွန်မှုအပြင် အားကစားဘက်မှာလည်း ထူးချွန်သည့်ကျောင်းသား/သူများဖြစ်လာ‌စေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသော နိုင်ငံခေါင်းဆောင်များ ပေါ်ထွန်းလာစေရန်၊ ကောင်းသော ယှဉ်ပြိုင်လိုစိတ်ရှိစေရန်၊ အချင်းချင်းရိုင်းပင်းကူညီတတ်သော အလေ့ကျင့်ကောင်းများကို ဆောင်ရွက်‌တတ်စေရန်နှင့် မြို့နယ်အတွက် ပညာရည်ချွန်ဆု၊ အားကစားဆုများ ရရှိအောင် စွမ်းဆောင်ပေးခဲ့သော ကျောင်းသား/သူလေးများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း စသည်များအား အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ပညာရေးကဏ္ဍ၊အားကစားကဏ္ဍများတွင် ထူးချွန်သည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး အမှတ်(၂၄)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ဘက်စုံပညာကိုရည်တို့လှမ်းချီး” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားအား မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ်ပညာရေးမှူး ဦးလှမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား/သူများ၏ မိဘများ၊ကျောင်းသား/သူများ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း