လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများကို မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်း ဖွင့်လှစ်ပို့ချ

ကျေးသီး အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး  ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး များကို မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က  အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးသန်းတင် က အဖွင့်အမှာ စကားပြောကြား၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသိန်းနိုင်နှင့် အဖွဲ့ဝင် ဦးသိန်းဟန်တို့က သင်တန်းသား ၊ သင်တန်းသူများကို မဲရုံဝန်ထမ်းတစ်ဉီးချင်းစီ၏ တာဝန်ဝတ္တရားများနှင့် မဲရုံသုံးပစ္စည်းများအကြောင်း၊  မဲရုံသုံးပုံစံများဖြည့်သွင်းခြင်း၊ မဲပေးရန်ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ မဲပေးစဉ် ကြုံတွေ့ရလေ့ရှိသောဖြစ်စဉ်များ ဖြေရှင်းခြင်း၊ မဲရေတွက်ခြင်းနှင့်ထုတ်ပိုးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာ ဆောင်ရွက်ရန်၊ မသန်စွမ်းသူများ၊ မီဒီယာများ၊ ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာသူများ စသည့် မဲရုံလုပ်ငန်းဆိုင်ရာအချက်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် မိုင်းနောင်မြို့အပါအဝင် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲရုံပေါင်း(၆၀) ရုံ ဆောင်ရွက် ထားရှိကာ မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ  မဲရုံမှူး ၊ ဒုတိယမဲရုံမှူး  (၁၂၀)ဦးတို့ကို သင်တန်း  အခန်း ( ၂ )ခန်း ခွဲ၍ ပို့ချသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ တက်ရောက်ကြကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇေယျာနိုင်ထံမှ သိရသည်။

           

မြို့နယ်(ပြန်/ဆက်)