မုဒုံ အောက်တိုဘာ ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ပြည်သူ များသည် ယနေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများ လာရောက် ပေး လျက်ရှိကြောင်း သိရသည်။
အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်ပေးနိုင်ပြီး ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် ခက်ခဲပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲသို့ သတင်းပေး ပို့လျှင် နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှဝင်းက ပြောသည်။
မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၄၂)အုပ်စုရှိပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲ ပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ ကျား (၁၁၈၁၂)ဦး၊ မ(၁၅၇၃၇)ဦး စုစုပေါင်းလူ ဦးရေ(၂၇၅၄၉) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)