ဥတ္တရသီရိ ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မောင်းရမ်းကျေးရွာရှိ တောင်သူအသိပညာပေစင်တာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက စိုက်ပျိုးကဏ္ဍအနေဖြင့် ဒေသတွင်း အဓိကသီးနှံ (၁၀)မျိုးအတွက် ၁ ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ တောင်သူများ အနေဖြင့် စံနှုန်းအထွက်တိုးစေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို မျှတစွာ အသုံးပြုပြီး မျိုးကောင်း၊ မျိုးသန့်များရွေးချယ် စိုက်ပျိုးဖို့လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည်တို့ကို လိုက်နာကျင့်သုံးပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးကဏ္ဍတွင် အသား/ငါး/ဥ တိုးမြှင့်ထုတ်လုပ်ရန်လိုအပ်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းရှင်းများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ကွင်းဆင်းလေ့လာကြည့်ရှုကာ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းဟန်၊ တည်ဆောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထိုက်၊ ထိမ်းသိန်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲထွဋ်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ မျိုးနိုင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ စုစုပေါင်း (၆၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)