ဥတ္တရသီရိ ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ ကွင်းအမှတ် ၁၈၇၉ ကွင်းတွင် စီတာ စပါးမျိုးစေ့ချကိရိယာဖြင့် နွေစပါး စိုက်ပျိုးနေမှုအခြေအနေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှု အားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်ပြီး ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးနိုင်က စီတာစပါး မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးရာတွင် တောင်သူများလိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့စိုက်ပျိုးထားသည့် တောင်သူအချင်းချင်း မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သူက နွေစပါးစိုက်ပျိုးရာတွင် ရေပေးဝေမှုအခြေအနေများအား ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စံနှုန်းအထွက်တိုးစေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို မျှတစွာ အသုံးပြုပြီး မျိုးကောင်း၊ မျိုးသန့်များရွေးချယ် စိုက်ပျိုးရန်လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည်တို့ကို လိုက်နာကျင့်သုံးပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဆည်ရေများကိုလည်း အလေအလွင့်မရှိအောင် အသုံးပြုဖို့လိုကြောင်း ပြောကြားခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် စီတာ စပါးမျိုးစေ့ချကိရိယာဖြင့် နွေစပါးစိုက်တောင်သူ ၂၀ ဦးမှာ စုစုပေါင်းဧက ၅၀ ဧကတွင် GW-11၊ ထိုင်းနှံကောက်၊ GW-18၊ YQR-12၊ မှော်ဘီ-၃၊ ရွှေဝါဝင်းနှင့် မနောမွှေး စပါးမျိုးများကို စိုက်ပျိုးထားရှိပြီး စီတာ စပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပါက အပင်ပေါက် ညီညာခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ဆေးဖြန်းရလွယ်ကူခြင်း၊ ပေါင်းမြက် ကင်းစင်ရလွယ်ကူခြင်း၊ မျိုးကွဲနုတ်ပယ်ရလွယ်ကူခြင်း၊ ပိုးမွှားရောဂါကင်းထောက်စစ်ဆေးရ လွယ်ကူခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)