မန္တလေး ဇန်နဝါရီ ၂၆
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာစီပီလိုက်ဖ်စတော့ကုမ္ပဏီလီမိတက်မှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား ဒေါ်ကြည်လဲ့လဲ့ဦး၏ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေ (၅,၄၀၀,၀၀၀)ကျပ်အား ယမန်နေ့နံနက်ပိုင်းက ခွင့်ပြုထုတ်ပေးခဲ့သည်။
ထိုသို့ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးတွင် ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံ စားခွင့်များအကြောင်းနှင့် အာမခံ အလုပ်သမားဒေါ်ကြည်လဲ့လဲ့ဦး၏ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးရခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် တိုင်းတာဝန်ခံအရာရှိက ဒေါ်ကြည်လဲ့လဲ့ဦး၏ ကျန်ရစ်သူ အကျိုးခံစားခွင့် အဆ(၃၀) အတွက် ခွင့်ပြုငွေ(၅,၄၀၀,၀၀၀)ကျပ်အား မိခင်ဖြစ်သူထံ ခွင့်ပြုထုတ်ပေးခဲ့သည်။
လူမှုဖူလုံရေးအာမခံအလုပ်သမားများ၏ အကျိုးခံစားခွင့်များမှာ နာမကျန်းမှု၊ မီးဖွားမှု၊ အာမခံထား မီးဖွားစရိတ်၊ ကျန်ရစ်သူ၏ ဖခင်ဖြစ်သူအား အကျိုးခံစားခွင့်၊ ဇနီးဖြစ်သူ မီးဖွားစရိတ်၊ နာရေးစရိတ်၊ ကျန်ရစ်သူ အကျိုးခံစားခွင့်(လစဉ်/အရစ်ကျ/ ငွေလုံးငွေရင်း)၊ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်(လစဉ်/အရစ်ကျ/ငွေလုံးငွေရင်း)၊ ယာယီမသန်စွမ်းမှု၊ အာမခံအလုပ်သမား စိုက်ထုတ်ထားသည့် ဆေးဖိုးကုန်ကျငွေပြန် အမ်းခြင်းနှင့် ဆေးရုံတက်ခရီးစရိတ်တို့ကို ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း၊ လူမှုဖူလုံရေးစီမံကိန်းအနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေသည် အလုပ်သမားများနှင့် မှီခိုသူမိသားစုတို့ကို လူမှုဒုက္ခတွေ့ကြုံရသည့်အချိန်တွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရတို့ စုပေါင်းပါဝင်သည့် လူမှုရေးအရထောက်ပံ့ပေးသော အာမခံစနစ်ဖြစ်ပြီး အကျိုးခံစားခွင့်များကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်