ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဒဂုံတောင် ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်‌ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၈ ရပ်ကွက်တွင် မီးသုံးစွဲမှုများအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးပေးပြီး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ အသိပညာပေးနှိုးဆော်ခြင်းများကိုလည်း ယမန်နေ့ည ၆ နာရီ ၃၀ မိနစ် မှ ၇ နာရီအထိ မြို့နယ်အတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူ ဦးဝေဇင်ဦးဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်လမ်းများအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော် ဆောင်ရွက်ကြကြောင်းသိရသည်။

အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များမီးရှို့လိုပါက မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်လမ်းများတစ်လျှောက် မီးသတ်ယာဉ်ဖြင့်လှည့်လည်ကာ အသိပေးနှိုးဆော်ကြကြောင်း သိရသည်။

သန်းသန်းအေး