မန္တလေးတိုင်းဒေသကြီးတွင် (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး  ဇန်နဝါရီ  ၂၆

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် (၃၆)ကြိမ်မြောက်မဟာဘွဲ့နှင်း သဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပရာ (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေလွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အစည်းအဝေး၌ (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ပရိယတ္တိစာမေးပွဲများ အောင်မြင်တော်မူကြသော စာအောင် ရဟန်း၊ သာမဏေ၊ သီလရှင် နှင့်လူပုဂ္ဂိုလ်များအား စာအောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ် သည့် အခမ်းအနားကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်လှည့်စီကျင်းပလျက်ရှိပါကြောင်း၊ ယခုနှစ် (၃၆) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အောင်မြေသာစံမြို့နယ် မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးတွင် စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ အထူးအောင်သံဃာ၊ သီလရှင်(၃၃)ပါး၊ စာအောင်သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ်(၁၃၄၃)၊စုစုပေါင်း(၁၃၇၆)အား  စာအောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ်သွားမည်ဖြစ်ပါကြောင်း၊ ဆွမ်းဆန်စိမ်းများကိုလည်းလောင်းလှူ သွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ အလိုက်လုပ်ငန်းများချောမွေ့ အောင်မြင် စေရေးအချင်းချင်းချိတ်ဆက်ညှိနှိုင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို  အမြန်ဆုံး တင်ပြသွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေလွင်တို့က ယခင်နှစ်များက ကျင်းပခဲ့သည့်အခြေအနေများနှင့် ယခုနှစ်တွင် ကျင်းပသွားမည့်အခြေအနေများ၊ ကဏ္ဍအလိုက် လုပ်ငန်းများ ခွဲဝေချထားပေးမှုအခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းများချောမွေ့အောင်မြင်စွာပြီးမြောက်ရေး ယခင်အတွေ့အကြုံများအပေါ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည့်အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်