အင်းစိန်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာနှင့် နံရံကပ်ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၆

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (အင်းစိန်မြို့နယ်) နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာနှင့် နံရံကပ်ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဘိုကြည်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာနှင့် နံရံကပ်ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ စာပေဟောပြောပွဲတွင် မြို့နယ်စာပေဥယျာဉ်အသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ၊ သတင်းစာဆရာ ဒေါက်တာဗိုလ်သံမဏိ (တောင်တွင်းကြီး) က “ပြည်ထောင်စုနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ ၂၀၂၄ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်၊ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို စိတ်ဝင်စားဖွယ် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြောနှင့် ကဗျာပြိုင်ပွဲများကို ပြုလုပ်ရာ ဆုရရှိသူများကို အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဘိုကြည်၊ အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့် (မောင်မောင် ဝင်းမြင့်-မှုခင်း)၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် အလှူရှင် ဦးတင်ထွန်းတို့က ဆုများအသီးသီးပေးအပ်ခဲ့ကြ၍ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်ပိုစတာများဖြင့် ပြသထားသည့် ကိုဗစ် (၁၉) ရောဂါအန္တရာယ်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဓာတ်ပုံများကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)