၂၀၂၃-၂၀၂၄ ပညာသင်နှစ် အလုံခရိုင်၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အလုံ ဇန်နဝါရီလ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အလုံမြို့နယ်အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ခဲ့သည်။ ထိုနောက် အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုံခရိုင်ပညာရေးမှူး ဒေါ်သင်းသင်းမြတ်က စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် အလုံခရိုင်အတွင်းရှိ ဘက်စုံထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံခရိုင်ပညာရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများသည် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်ပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)