ပြာသိုလပြည့်နေ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားဖူးများဖြင့် စည်ကားများပြားလျက်ရှိ

ညောင်ဦး   ဇန်နဝါရီ   ၂၆

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြာသိုလပြည့်နေ့တွင် ပြည်တွင်းဘုရားဖူးခရီး အမြောက်အများ လာရောက်လည်ပတ်လျက်ရှိပြီး သမိုင်းဝင်နာမည်ကျော် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းခရီးသွားဘုရားဖူးခရီးသွားများဖြင့် စည်ကားလျက်ရှိကြောင်း ဗူးဘုရားဂေါပကအဖွဲ့ ထံကသိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အလွန်ရှေးကျလှသည့် ရှေးဟောင်းဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံ သုံးထောင်ကျော် ကျန်ရှိနေသေးကြောင်းနှင့် ပြည်တွင်းဘုရားဖူးဧည့်သည်များ ရှေးဟောင်းဘုရား၊ ဂူပုထိုးများတွင်ရေးထိုးထားသည့် နံရံဆေးရေးပန်းချီများ၊ ရှေးကျလွန်းလှသည့် ဗိသုကာလက်ရာများနှင့် ပုဂံရှေးဟောင်းနယ်မြေ အတွင်းဘုရားပုထိုးမြောက်များစွာရှိပြီး တစ်ဆူနှင့်တစ်ဆူ၊ လှိုဏ်ဘုရားများတွင်လျှင် မတူညီသည့် တည်ဆောက်ပုံ၊ တည်ထားပုံများအား လေ့လာဖူးမြော်ရသည့် ပုဂံဒေသသို့ ဘယ်နှစ်ခေါက်ရောက်ရောက် လေ့လာကြည့်ရှုမှတ်သားရသည်များ အားရသည်မရှိကြောင်း နတ်မောက်မြို့ ဘုန်းတော်ပြည့် ကျေးရွာမှ ဘုရားဖူးလာရောက်သည့် ဦးသန်းဝင်းနိုင်က ပြောကြားသည်။

“ပုဂံဒေသက ပြည်တွင်းဘုရားဖူးခရီးသွားတွေအပြင် ပြည်ပဧည့်သည်တွေလည်း လာကြတာ ပြတ်တယ်မရှိဘူး။ နေရာကျယ်ပြီး တစ်နေရာထဲနဲ့ စုစုစည်းစည်း ရှေးဟောင်းအဆောက်အဦတွေကို တွေ့ရတာ အံ့ဩစရာကောင်းတယ်။ ပုဂံ-ညောင်ဦးနဲ့ မနီးမဝေးမှာလည်း ပုပ္ပားတောင်ကလပ်လည်းရှိတယ်။ ပုဂံဒေသကတော့ ကျွန်မတို့မြန်မာတစ်မျိုးသားလုံး အလေးထားတန်ဖိုးထားထိန်းသိမ်းရမည့် ဒေသဖြစ်ပါတယ်” ဟု မန္တလေးမြို့မှ ဘုရားဖူးလာရောက်သည့် မနှင်းအိခိုင်က ပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်လည်း ကျင်းပလျက်ရှိပြီး ဘုရားပွဲလာရောက်ဆင်နွှဲသူများ၊ ငါ့သရောက်မြို့နှင့် ပုဂံမြို့များမှ ရာသီပေါ်သီးနှံ ဆက်ကပ်လှူဒါန်းသူများ၊ လပြည့်နေ့ ဘုရားဖူးလာရောက်သူများတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း