မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆောင်းဆီထွက်သီးနှံ(နေကြာ) တောင်သူပညာပေး မျိုးစေ့ထုတ်စိုက်ခင်း ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲတက်ရောက် ပြည်နယ်ငါးလုပ်ငန်းစခန်း၌ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

သထုံ ဇန်နဝါရီ ၂၆

“စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် နေကြာစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် နေကြာစိုက်ပျိုးနိုင်ရေးအတွက် ဆောင်းဆီထွက်သီးနှံ(နေကြာ) တောင်သူပညာပေးမျိုးစေ့ထုတ်စိုက်ခင်း ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ တောင်သူဦးသာဆန်း၏စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သထုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က သထုံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံနှင့်နေကြာစိုက်ပျိုးမှု၊ နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက စိုက်ပျိုးရေကဏ္ဍတိုးတက်မြင့်မားမှသာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ဆန်စပါးဖူလုံမှုရှိသော်လည်း ဆီဖူလုံမှုရာခိုင်နှုန်းနည်းနေသေးကြောင်း၊ မျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာဖြင့် စပါးတစ်ဧကအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်စေလိုကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နေကြာနှင့်အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် မျိုး၊ မြေ၊ ရေ၊ နည်းပညာတို့ မှန်ကန်ရန်လိုကြောင်း၊ ယခုလာရောက်ကြည့်ရှုသည့် နေကြာစိုက်ခင်းသည် မျိုးစေ့ထုတ်သည့် စိုက်ခင်းဖြစ်ရာ လာမည့်စိုက်ပျိုးကာလများတွင် ယင်းမျိုးစေ့များဖြင့် ပိုမိုစိုက်ပျိုးသွားရန်လိုကြောင်း၊ တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဆောင်းသီးနှံနှင့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ မြေဩဇာနှင့်မျိုးကောင်းမျိုးသန့်များရရှိရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဆိုသည့်အတိုင်း မြေလွတ်၊ မြေလပ်မကျန်ရအောင် ရေ၊ မြေဒေသနှင့်ကိုက်ညီသည့် နေကြာအပါအဝင် ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံတို့ကို နည်းစနစ်မှန်စွာ စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း၊  တောင်သူများအနေဖြင့် လိုအပ်ချက်များကို တင်ပြစေလိုပြီး မိမိတို့အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရွှေဇီဝရွက်ဖျန်းမြေဩဇာများကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံနေကြာစိုက် တောင်သူများက စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှု၊ ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးစေလိုမှု၊ နေကြာအပါအဝင် ဆီထွက်သီးနှံများစိုက်ပျိုးခြင်းအတွက် လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးလိုမှု အခြေအနေတို့ကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆောင်းဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် တောင်သူပညာပေးကွင်းသရုပ်ပြ ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်းကို  လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိစစ်ဆေးရာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်ဦးနှင့်တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ရေချိုငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး လိုအပ်သည်တို့ကို လမ်းညွှန် မှာကြားကာ ပြည်နယ်ငါးလုပ်ငန်းစခန်း၏ ရေချိုငါးမွေးမြူရေးကန်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်