အောင်မြေသာစံ ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက ကြီးမှူးကျင်းပသော လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် နံနက် ၉ နာရီခွဲက ၈၂ လမ်း၊ ၂၄×၂၅ လမ်းကြား၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ဧသီဒါခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ခရိုင်ပညာရေးမှူး ဒေါ် မြင့်မြင့်သိန်းတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းအောင်က ပညာသင်ကြားနေမှုအခြေအနေများကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာများကို လည်းကောင်း၊ မန္တလေးလူငယ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးအေးကျော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများကို လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CRC) အခြေခံမှု (၄) ရပ်၊ ၂၀၀၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၆၈ ပါ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာဆိုင်းဘုတ်များနှင့် စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသူများက စိတ်ပါဝင်စားလေ့လာကြသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးလူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအေးကျော်၊ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လင်းဦး၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးထွန်းထွန်းအောင်(စီမံ)၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်၊ ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်သီတာနှင့် ဆရာ/ဆရာများ၊ ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း (အောင်မြေသာစံပြန်/ဆက်)