ဇမ္ဗူသီရိ ဇန်နဝါရီ ၂၆
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားအုန်းဆီများတွင် စပ်ဆီများရောနှောရောင်းချခြင်း မရှိစေရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းစျေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏနှင့်ဝန်ထမ်းများ၊ မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကော်မတီအဖွဲ့ဝင်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စျေးစည်ပင်အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ စားသုံးရန်မသင့် ကြေညာထားသည့် အစားအသောက်များနှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးဆီများ ရောစပ်ရောင်းချမှုမရှိစေရေး၊ ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေး၊ တရားမဝင်ဆေးဝါများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေးနှင့် ဈေးရောင်းချသူပြည်သူများအား စားသုံးသူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)