ကျောက်ဖြူမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အအုံ စာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်ဖြူ ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတရပ်ဖြစ်သော အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလဝက ဦးစီးမှူး ဒေါ်ခင်မိမိလွင် ဦးဆောင်သည့်ဝန်ထမ်းများက အရှေ့ပိုင်းရပ်ကွက်သို့သွားရောက်ကာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအဖြစ် GIS နည်းပညာဖြင့် Mobile Tablet ကိုအသုံးပြုကာ အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ခရိုင်နည်းပညာအဖွဲ့မှ ပံ့ပိုးကူညီလျှက်ရှိသည်။ ယင်းသို့ဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးပြီးလိုအပ်သည်များ လမ်းညွှန်မှာကြားကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတရပ်ဖြစ်သော အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂၂ ရက်နေ့မှစ၍ မတ်လကုန်အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)